Popular Posts

Tuesday, January 28, 2014

ကွန်ပျူတာတက္ကသိုလ် အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်



Details
Published on Friday, 29 March 2013 02:44
Written by စံပယ်မ
၁။ နိဒါန်း
            မြန်မာနိုင်ငံတွင် ကွန်ပျူတာတက္ကသိုလ်ကို စတင် တည်ထောင်ခဲ့သည်မှာ ၁၉၈၆ ဒီဇင်ဘာလက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ငွေရတု ကာလကို ကျော်လွန်ခဲ့ပြီဖြစ်သည်။ မဟာဘွဲ့သင်တန်းများကို စတင်ဖွင့်လှစ်ခဲ့သော ၁၉၇၃ ခုနှစ်မှ စတင် စဉ်းစားမည်ဆိုပါက ကွန်ပျူတာတက္ကသိုလ်၏ သက်တမ်းမှာ အနှစ် (၄၀) ပြည့်ပြီဖြစ်ပေသည်။ ဤမျှသော အချိန်ကာလအတွင်း ကွန်ပျူတာတက္ကသိုလ်၏ ရပ်တည် ဆောင်ရွက်ခဲ့မှုများကို လေ့လာသုံးသပ် ဆန်းစစ်ကာ အနာဂတ် မြန်မာ့ကွန်ပျူတာ ပညာရေးကို ဦးဆောင်ဦးရွက်ပြုနိုင်မည့် တက္ကသိုလ်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ ဤ စာတမ်းကို ရေးသားခြင်းဖြစ်ပါသည်။
၂။ အတိတ်သမိုင်းကြောင်း
မြန်မာနိုင်ငံကွန်ပျူတာပညာရေးသမိုင်းကို ပြန်လည်လေ့လာမည်ဆိုပါက ၁၉၇၀ပြည့်နှစ် အစောပိုင်း ကာလများတွင် ရန်ကုန်တက္ကသိုလ် သချာင်္ဌာနမှ တာဝန်ယူပို့ချခဲ့သော ကွန်ပျူတာအကြောင်း သိကောင်းစရာ သင်တန်းများမှ စတင်ခဲ့သည်ကို တွေ့ရှိရပေသည်။ ထိုသင်တန်းများနှင့် တစ်ချိန်တည်းသောကာလမှာပင် စီးပွားရေး တက္ကသိုလ်မှလည်း ကွန်ပျူတာပညာရပ်နှင့် သက်ဆိုင်သော သင်တန်းများကို ပို့ချပေးခဲ့သည်ကို တွေ့ရှိရပေသည်။
ထို့နောက် ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် တက္ကသိုလ်များ ကွန်ပျူတာဌာန (Universities’ Computing Centre-UCC) အကောင်အထည်ဖော်ရေး စီမံကိန်း စာချုပ်ကို ချုပ်ဆိုခဲ့သည်။ စီမံကိန်း အကောင်အထည် ဖော်ရေး ကိုယ်စားလှယ်အဖြစ် UNESCO ကို သတ်မှတ်ကာ ကုလမသဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နှင့် မြန်မာအစိုးရတို့ ၁၉၇၁ခုနှစ် ဖေဖော်ဝါရီ (၁၁) ရက်နေ့ တွင် လက်မှတ်ရေးထိုးကာ တက္ကသိုလ်များ ကွန်ပျူတာဌာနကို စတင် တည်ထောင် လုပ်ဆောင်ခဲ့ကြသည်။  ၁၉၇၁ ခုနှစ် ဧပြီလတွင် တက္ကသိုလ်များ ကွန်ပျူတာဌာန(Universities’ Computing Centre-UCC) ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ စတင် တည်ထောင်သူမှာ မြန်မာနိုင်ငံဘက်မှ ဒေါက်တာချစ်ဆွေ (ပါမောက္ခ၊ သချာင်္ဌာန) ဖြစ်ပြီး ကုလသမဂ္ဂဘက်မှ အီဂျစ်နိုင်ငံသား S.I Saleeb တို့ဖြစ်ကြပါသည်။
            တက္ကသိုလ်များ ကွန်ပျူတာဌာန ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များမှာ -
      (၁) တက္ကသိုလ်အသီးသီးရှိ သုတေသနပညာရှင် အသီးသီးအား ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အသုံးပြုတတ်စေရန်
(၂) အစိုးရဌာနဆိုင်ရာ အသီးသီးတွင် ကွန်ပျူတာ အသုံးချ လုပ်ငန်း လုပ်ဆောင်ရေးနှင့် ပတ်သက်၍ တက္ကသိုလ်များ ကွန်ပျူတာဌာန အနေဖြင့် အထောက်အကူ ပေးနိုင်ရန်
တို့ဖြစ်ပါသည်။
        တက္ကသိုလ်များ ကွန်ပျူတာဌာနတွင် ကွန်ပျူတာ လည်ပတ် လုပ်ဆောင်နိုင်ရေးအတွက် အထူး အရေးကြီးသော လုပ်ငန်း သုံးခုကို မူတည်ကာ-
        (၁) စနစ်ဌာန
        (၂) လုပ်ဆောင်ရေးဌာန
        (၃) အသုံးချဌာန များဖွဲ့စည်းကာ ညွှန်ကြားရေးမှူးနဲ့ စီမံကွပ်ကဲမှု အဖွဲ့တို့ရဲ့ ဦးစီးမှုဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်ခဲ့ပါသည်။
            ၁၉၇၃ ခုနှစ်တွင် တက္ကသိုလ်များ ကွန်ပျူတာဌာန အတွက် Mainframe အမျိုးအစား ICL-1902-S ကွန်ပျူတာစက်ကြီး တစ်လုံး တပ်ဆင်ခွင့် ရရှိခဲ့ပြီး ကွန်ပျူတာ ဘာသာရပ်များကို စာတွေ့ လက်တွေ့ ပို့ချနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံလူဦးရေ သန်းခေါင်စာရင်း ပြုစု ကောက်ယူရေးလုပ်ငန်းတွင် တက္ကသိုလ်များကွန်ပျူတာဌာန က ၂၄ နာရီပတ်လုံး စက်အား၊ လူအားအပြည့်အ၀ ပါဝင် လုပ်ဆောင် ပေးခဲ့သည်မှာ မြန်မာနိုင်ငံ၏ အရေးပါသော အမျိုးသားရေးလုပ်ငန်းတွင် တက္ကသိုလ်များ ကွန်ပျူတာဌာနက တစ်တပ်တစ်အား ပါဝင်ခဲ့ သည့် သမိုင်းမှတ်တိုင်ပင် ဖြစ်ပေသည်။
            ဘွဲ့ ဒီဂရီဆိုင်ရာ သင်တန်းများဖြစ်သော မဟာသိပ္ပံ(တွက်ချက်ရေး) [M.Sc. (Computer Science)] နှင့် တွက်ချက်ရေး ဒီပလိုမာ (D.A.C) သင်တန်းများကို ၁၉၇၃ ခုနှစ်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ သချာင်္ဌာနတွင် တွဲဖက် ဖွင့်လှစ်ခဲ့ပေသည်။ ထိုစဉ်က စက်မှု၊ စီးပွားရေးနှင့် သိပ္ပံဘာသာတွဲဖြင့် ဘွဲ့ရရှိခဲ့ပြီး သက်ဆိုင်ရာ မဟာသိပ္ပံ အတန်း တက်ရောက်ခွင့် ရရှိသူများကို ၀င်ခွင့် စာမေးပွဲ စစ်ဆေးကာ တက်ရောက်ခွင့် ပြုခဲ့ခြင်းဖြစ်ပါသည်။ ပထမ ဆုံးသော M.Sc. (Computer Science) သင်တန်းကို သင်တန်းသား ၁၂ ဦး တက်ရောက်ခဲ့ပါသည်။ ၁၉၇၅ ခုနှစ် သြဂုတ်လမှ စတင်ကာ စီမံခန့်ခွဲမှု ပိုမိုတိုးတက် ကောင်းမွန်စေရန် ဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပေသည်။ ၁၉၇၈ ခုနှစ်တွင် တက္ကသိုလ်များ ကွန်ပျူတာဌာန (UCC) ကို ကုလသမဂ္ဂ၏ အကောင်းဆုံး စီမံကိန်းအဖြစ် သတ်မှတ် ရွေးချယ်ခံခဲ့ရကာ ၁၉၇၉ ခုနှစ်တွင် မိုက်ခရိုကွန်ပျူတာ CROMEMCO ကွန်ပျူတာစနစ် ကို ကုလသမဂ္ဂမှ တပ်ဆင် ပေးခဲ့ပြန်သည်။ ၁၉၈၃ ခုနှစ်တွင် တက္ကသိုလ်များ ကွန်ပျူတာဌာန စတင်တည်ထောင်စကပင် အသုံးပြုလာခဲ့သော Mainframe အမျိုးအစား ICL-1902-S ကွန်ပျူတာ စက်ကြီးမှာ ဆက်လက် အသုံးပြုရန် အခက်အခဲ ရှိလာသဖြင့် PDP-11/70 မီနီကွန်ပျူတာ တစ်လုံးကို ကုလသမဂ္ဂ၏ ထောက်ပံ့မှုဖြင့် ထပ်မံတပ်ဆင် အသုံးပြုခဲ့သည်။
            ၁၉၈၅ ခုနှစ်မှ စတင်ကာ နိုင်ငံခြားပညာတော်သင် သွားရောက်မည့်သူများအတွက် အခြေခံကွန်ပျူတာ တစ်လသင်တန်း၊ အစိုးရရုံးဌာနများမှ ကွန်ပျူတာ အသုံးပြုနေသူများအတွက် လေးလသင်တန်း၊ ခြောက်လ သင်တန်းများ ဖွင့်လှစ်ကာ ၀န်ကြီးဌာန အသီးသီးမှ ၀န်ထမ်းများကို သင်ကြားလေ့ကျင့်ပေးခဲ့ပေသည်။
            ကွန်ပျူတာဘာသာရပ်နှင့် ပတ်သက်၍ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ပြီ ဖြစ်သော်လည်း အခြေခံဘွဲ့ (Bachelor Degree) ပေးအပ်နိုင်ခြင်း မရှိသေးသဖြင့် ၁၉၈၆ ခုနှစ် ဒီဇင်ဘာလတွင်  ရန်ကုန်တက္ကသိုလ်တွင် ကွန်ပျူတာ သိပ္ပံဌာနဖွင့်လှစ်ကာ သိပ္ပံဘွဲ့ (ကွန်ပျူတာသိပ္ပံ) B.Sc (Computer Science) နှင့် သိပ္ပံဘွဲ့(ကွန်ပျူတာနည်းပညာ) B.Sc (Computer Technology) သင်တန်းများကို အသစ်ဖွင့်လှစ် သင်ကြား ပို့ချခဲ့သည်။ ထိုသင်တန်းများအတွက် သင်တန်းသားများကို အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်သူများမှ စာမေးပွဲရမှတ်အတိုင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရေးအဖွဲ့က ရွေးချယ် တက်ရောက်စေခဲ့ခြင်းဖြစ်ပါသည်။
            ၁၉၈၈ ခုနှစ် မတ်လ ၂၉ ရက်နေ့ တွင် တက္ကသိုလ်များ ကွန်ပျူတာဌာနနှင့် ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံဌာနတို့ ပူးပေါင်းကာ ကွန်ပျူတာ တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် တည်ထောင်ခဲ့ပါသည်။ ကွန်ပျူတာ တက္ကသိုလ်အဖြစ် အဆင့် မြှင့်တင် လိုက်သောအခါ ကွန်ပျူတာတက္ကသိုလ်မှ ပေးအပ်မည့်ဘွဲ့များကို ယခင် သိပ္ပံဘွဲ့ (ကွန်ပျူတာသိပ္ပံ) B.Sc ( Computer Science) နှင့် သိပ္ပံဘွဲ့(ကွန်ပျူတာနည်းပညာ) B.Sc (Computer Technology) မှ ခေတ်နှင့်လျော်ညီစွာ ကွန်ပျူတာသိပ္ပံဘွဲ့ [Bachelor of Computer Science (B.C.Sc.)] နှင့် ကွန်ပျူတာနည်းပညာဘွဲ့ [Bachelor of Computer Technology (B.C.Tech.)] ဟု ပြောင်းလဲ ခေါ်ဝေါ်ကာ၊ ဘွဲ့လွန် သင်တန်းများကိုလည်း ကွန်ပျူတာသိပ္ပံဒီပလိုမာ[Diploma in Computer Science(D.C.Sc.)]၊ မဟာ ကွန်ပျူတာသိပ္ပံ [Master of Computer Science (M.C.Sc.)]၊ မဟာကွန်ပျူတာနည်းပညာ [Master of Computer Technology (M.C.Tech.)] နှင့် မဟာသုတသိပ္ပံ [Master of Information Science (M.I.Sc.)] တို့အဖြစ် အမည်များ ပြောင်းလဲ သတ်မှတ်ခေါ်ဝေါ်ခဲ့ပါသည်။
            ၁၉၉၃ ခုနှစ်တွင် နိုင်ငံတကာအဆင့်ရှိ ကွန်ပျူတာဒီပလိုမာများကို  ကွန်ပျူတာတက္ကသိုလ်တွင်ပင် သင်ယူ ဆည်းပူးနိုင်စေရန် နိုင်ငံတော်၏ ပံ့ပိုးမှုဖြင့် ဗြိတိန်နိုင်ငံ National Computing Centre (NCC) တို့ပူးပေါင်းကာ IDCS (NCC) ဒီပလိုမာသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
          ၁၉၉၇ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနကို စတင် တည်ထောင်သောအခါ ကွန်ပျူတာတက္ကသိုလ်၏ စီမံခန့်ခွဲမှုကို ပညာရေး ၀န်ကြီးဌာနမှ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပေသည်။ ၁၉၉၇ စက်တင်ဘာ ၁၈ ရက်နေ့တွင် အထက် မြန်မာပြည်တွင် ကွန်ပျူတာပညာရပ်များ ပိုမိုဖြန့်ဖြူး ပေးနိုင်ရန်ရည်ရွယ်၍ မန္တလေးကွန်ပျူတာ တက္ကသိုလ်ကို တည်ထောင် ဖွင့်လှစ် ခဲ့ပေသည်။ အခြေခံပညာ အထက်တန်းအောင်မြင်သူများမှ ပျမ်းမျှရမှတ် ၇၀ အထက် ရရှိသူများကို ၀င်ခွင့်စာမေးပွဲ ဖြေဆိုစေခြင်းဖြင့် တက္ကသိုလ် ၀င်ခွင့် လက်ခံသည့်စနစ်ကို ကျင့်သုံးခဲ့ပေသည်။ ထို့နောက်တွင် ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ အထူး ဖွံ့ဖြိုးရေးဒေသကြီး ၂၄ ခုတွင် အစိုးရ ကွန်ပျူတာကောလိပ် (Government Computer College-GCC) များကို ဖွင့်လှစ်ခဲ့သည်။ ထိုသို့ဖွင့်လှစ်ရာတွင် တက္ကသိုလ် ၀င်တန်းစာမေးပွဲ ရမှတ်အပေါ်အခြေခံကာ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ် ပေးသည့် သူများကို လက်ခံ သင်ကြားခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ ဇန်န၀ါရီလမှစတင်ကာ အစိုးရကွန်ပျူတာ ကောလိပ်များကို ကွန်ပျူတာ တက္ကသိုလ်များအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့ရာ ကွန်ပျူတာတက္ကသိုလ်ပေါင်း ၂၅ ခု အထိ တည်ရှိလာခဲ့ပြီဖြစ်သည်။
             ထို့အပြင် ပညာရေးလောကတွင် အမြင့်ဆုံးဖြစ်သော ပါရဂူ ဘွဲ့သင်တန်းများကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ၂၀၀၁ ခုနှစ် မေလမှ စတင်ဖွင့်လှစ်ခဲ့ပြီ ကွန်ပျူတာ ပါရဂူဘွဲ့ ရရှိသူများကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ မန္တလေးကွန်ပျူတာ တက္ကသိုလ်တွင် လည်း ကွန်ပျူတာပါရဂူ ဘွဲ့သင်တန်းကို  ၂၀၀၉ ခုနှစ်တွင် စတင် ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သည်။ ]၁
၃။ ပြန်လည် ဆန်းစစ်သင့်သည့် အချက်များ
             ယခုအခါ ကွန်ပျူတာ တက္ကသိုလ် အရေအတွက်မှာ နိုင်ငံတစ်ဝန်းလုံးတွင် ၂၅ ခု ရှိနေပြီဖြစ်သည်။ အဆိုပါ ကွန်ပျူတာ တက္ကသိုလ်များမှ မွေးထုတ်ပေးခဲ့သော ဘွဲ့ ဒီဂရီရ ပုဂ္ဂိုလ်များလည်း နိုင်ငံတစ်ဝှန်းတွင် အရေအတွက် အားဖြင့် နည်းပါးမည် မဟုတ်သည် ကို သိရှိနိုင်ပေသည်။ သို့ရာတွင် အရည်အချင်းပိုင်းဆိုင်ရာ ဆန်းစစ်ချက်များကို ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်ဟု ထင်မြင်မိပါသည်။ ဤ တက္ကသိုလ် အသီးသီးမှ ဘွဲ့ရများ မိမိတို့နှင့် သက်ဆိုင်ရာ နယ်ပယ်တွင် အလုပ် ၀င်ရောက်လုပ်ကိုင်သည့်နှုန်း မည်မျှရှိသည်၊ အဆိုပါ အလုပ်လုပ်ကိုင် သူများထဲမှ မည်သည့် အဆင့်အတန်းနှင့် ၀င်ရောက်လုပ်ကိုင်နေသည်၊ လုပ်ကိုင်သည့် အလုပ်အကိုင် အဆင့်အတန်း အလိုက် အောင်မြင် ကျော်ကြားမှု မည်မျှ ရှိသည်တို့ကို ကွန်ပျူတာတက္ကသိုလ် အနေဖြင့် ဆန်းစစ် သင့်ပါသည်။ သို့မှသာလျှင် မိမိတို့ တက္ကသိုလ် အလိုက် မွေးထုတ်ပေးလိုက်သော ဘွဲ့ ဒီဂရီရ ပုဂ္ဂိုလ်များ အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အလိုက် ဆောင်ရွက်ချက် များကို မှန်ကန်တိကျစွာ သိရှိနိုင်ပြီး နောင် အနာဂတ်အတွက် လိုအပ်သည့် ပြင်ဆင် ပြောင်းလဲမှု (Reform Plan) ကို စနစ်တကျ ချမှတ်နိုင်မည် ဖြစ်ပေသည်။ သို့ဖြစ်ရာ အဆိုပါဆန်းစစ်ချက်များကို အောက်ပါ အချက်များကိ အခြေခံကာ ဆန်းစစ် လေ့လာ သွားမည်ဖြစ်သည်။
၃-၁။ မဟာဘွဲ့သင်တန်းကိစ္စ
            ထို့ပြင် ယခုအခါ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ် နှစ်ခုတွင်သာ မဟာဘွဲ့ သင်တန်းများ ဖွင့်လှစ်ခြင်းများကို ပြုလုပ်မည်ဖြစ်ပြီး ကျန် ကွန်ပျူတာတက္ကသိုလ် ၂၃ ခု မှာ ပထမဘွဲ့သင်တန်းကို သာ ဖွင့်လှစ်မည့် အစီအစဉ်ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ဆောင်ရွက်နေကြောင်းသိရှိရပေသည်။ ဤ ဆောင်ရွက်ချက်သည် ကောင်းမွန်သည့် အကျိုးဆက် ရှိသလို အားနည်းချက်များလည်း ရှိနေရာ ကောင်းကျိုးဆိုးပြစ်ကို သေချာ စိစစ်တွက်ချက်၍ ပြင်ဆင်ပြောင်းလဲရန် လိုအပ်မည်ဖြစ်သည်။ အားသာချက်အနေဖြင့် သက်ဆိုင်ရာ မဟာဘွဲ့ သင်တန်းသားများကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ် နှစ်ခုတွင်သာ သင်ကြားမည်ဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ၏ အရည်အသွေးကို ပိုမို မြှင့်တင်ပေးနိုင်ရန် အလားအလာ ကောင်းလာပေသည်။ ကျောင်းသား ကျောင်းသူများအတွက် ပိုမို ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်ရန်လည်း အခွင့်အလမ်း အလွန်သာလာပြီဖြစ်သည်။ သို့ရာတွင် အားနည်းချက်များအနေဖြင့် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ် နှစ်ခုတွင် မြန်မာတစ်နိုင်ငံလုံးမှ မဟာဘွဲ့ သင်တန်းသားများကို လက်ခံ သင်ကြားရမည်ဖြစ်ရာ လိုအပ်သော Facilities များကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ရေး၊ အဆိုပါ ကျောင်းသားကျောင်းသူများ၏ လူနေမှုစရိတ် ပိုမိုကုန်ကျမှု၊ အဆိုပါ ကျောင်းသား ကျောင်းသူများ၏ မဟာဘွဲ့ယူကျမ်းကို ကြီးကြပ်ပေးမည့် ဆရာ၊ ဆရာမအင်အား လုံလောက်စွာ ရှိမရှိ ဆိုသည်တို့မှာ ထည့်သွင်း စဉ်းစားရမည့် ပြဿနာများ ဖြစ်သည်။ ထို့ပြင် အခြားသော ကွန်ပျူတာတက္ကသိုလ် ၂၃ ခုမှ ဆရာ၊ ဆရာမများမှာလည်း မိမိတို့ အနေဖြင့် မဟာဘွဲ့ယူကျမ်းကို ကြီးကြပ်ပေးမည့်အရည်အချင်း မရှိသလို ခံစားရမည်ဖြစ်သလို အတွေ့အကြုံ ပိုင်းဆိုင်ရာ အားနည်းချက်များကို ပိုမို ဖြစ်ပေါ်လာစေနိုင်သဖြင့် နောင်အရှည်အတွက် ထည့်သွင်း စဉ်းစားသင့်ပေသည်။ မဟုတ်ပါမူ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ် ရှိ ဆရာ ဆရာမများက အတွေ့အကြုံ ပိုမိုရှိနေကာ အခြားသော ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ဆရာမများမှာ အတွေ့အကြုံ နည်းခြင်းမျိုး ဖြစ်လာမည့်ပြဿနာ ပေါ်ပေါက်လာနိုင်သည်။

၃-၂။ ပါရဂူဘွဲ့ သင်တန်းကိစ္စ
            ပညာရေးလောကတွင် အမြင့်ဆုံးဖြစ်သော ပါရဂူဘွဲ့သင်တန်းများကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ၂၀၀၁ခုနှစ် မေလ မှ စတင်ဖွင့်လှစ်ခဲ့ပြီ ကွန်ပျူတာပါရဂူဘွဲ့ ရရှိသူများကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ သင်တန်းအပတ်စဉ် အနေဖြင့်လည်း အပါတ်စဉ် (၈) အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီဖြစ်ကာ ပါရဂူဘွဲ့ရ အရေအတွက်လည်း ရာကျော် မွေးထုတ်ပေးပြီးဖြစ်သည်ကို သိရှိရသည်။ ထို့ပြင် မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွင်လည်း ကွန်ပျူတာပါရဂူဘွဲ့သင်တန်းကို  ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်ကာ ပါရဂူဘွဲ့ယူ သုတေသန လုပ်ငန်းများကို ဆောင်ရွက်နေကြပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ ရာနှင့်ချီသော ပါရဂူဘွဲ့ရများ၊ ပါရဂူဘွဲ့သင်တန်းသားများ၏ ဆောင်ရွက်မှုရလာဒ်ကို ကြည့်မည်ဆိုလျှင် အားရကျေနပ်စရာ မတွေ့ရှိရသေးပေ။ မိခင်ဌာနဖြစ်သော သိပ္ပနှင့် နည်းပညာဝန်ကြီးဌာန ကိုယ်တိုင်ပင် မိမိ ကိုယ်တိုင် မွေးထုတ်ပေးထားသော ပါရဂူဘွဲ့ရများကို ပြည်ပနိုင်ငံများမှ ပါရဂူဘွဲ့ရများနှင့် တန်းတူ စဉ်းစားနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိနေရသည်။ သို့ဖြစ်ရာ ကွန်ပျူတာတက္ကသိုလ်များမှ မွေးထုတ်ပေးသော ပါရဂူဘွဲ့ရများ၏ အရည်အသွေးပိုင်းကို ပိုမိုမြှင့်တင်ပေးရန် လိုအပ်နေသည်ကို တွေ့ရှိရပေသည်။ Result Base Evaluation ပြုလုပ်မည်ဆိုပါက ကွန်ပျူတာပါရဂူဘွဲ့ရများ၏ ထူးချွန် ပြောင်မြောက်သော ဆောင်ရွက်ချက်များကို လုံးဝတွေ့ရှိရခြင်း မရှိသေးပေ။
၃-၂-၁။ ပါရဂူဘွဲ့ သင်တန်းဝင်ခွင့် အရည်အချင်း
            လက်ရှိ ပါရဂူဘွဲ့သင်တန်းဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်များမှာ သေချာကျနသော နိုင်ငံတကာ စံချိန်စံညွှန်းမီသော အချက်များ မဟုတ်သေးပဲ မြန်မာ့နည်း မြန်မာ့ဟန် သတ်မှတ်ချက်များသာ ဖြစ်နေသေးရာ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်းသာ လက်ခံကျင့်သုံးသင့်ပါသည်။
၃-၂-၂။ ပါရဂူဘွဲ့သင်တန်းသားများ အင်္ဂလိပ်စာအရည်အသွေး
            ပါရဂူဘွဲ့သင်တန်းသားများအနေဖြင့် ယခင်က တစ်လတစ်ကြိမ် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရသည်။ ယခုအခါ နှစ်လ တစ်ကြိမ်ဖြေဆိုရသည်။ အဆိုပါ စနစ်သည် အမှန်တကယ် အင်္ဂလိပ်စာ အရည်အချင်း တိုးတက်မှု ရှိ၊ မရှိကို ပကတိ မြေပြင်အခြေအနေမှန်ကို အခြေခံကာ ပြန်လည်သုံးသပ်သင့်ပါသည်။ ထိုရမှတ်များသည်လည်း နိုင်ငံတကာ ကျောင်းဝင်ခွင့် လျှောက်ထားရာတွင် မည်သို့ အထောက်အပံ့ပေးနိုင်သနည်း ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။ အမှန်တကယ် အကျိုးမရှိဘဲ ဆောင်ရွက်နေခြင်းမျိုးဖြစ်ပါက အခြား ပိုမို သင့်လျော်သော အင်္ဂလိပ်စာ အရည်အချင်းစစ်ဆေးခြင်းကို ပြင်ဆင်သင့်ပါသည်။
၃-၂-၃။ ပါရဂူဘွဲ့သင်တန်းသားများ Camp သွင်းခြင်း
            ပါရဂူဘွဲ့သင်တန်းများ ကို စတင်ဖွင့်လှစ်သည့် ၂၀၀၁ မှ ယခုအချိန်အထိ Camp သွင်းသည်ဆိုကာ အဆောင်နေခိုင်းပြီး စည်းကမ်းများ သတ်မှတ် နေထိုင်စေပါသည်။ သို့သော် Camp ဟု ဆိုသော်လည်း နေထိုင်စရာ နေရာကိုသာ ပေးထားခြင်းဖြစ်ပြီး စားသောက်ရေးမှာ မိမိကိုယ်ပိုင်အစီအစဉ်ဖြင့် ဆောင်ရွက်စေခြင်းဖြစ်သဖြင့် Camp ဟု ခေါ်ဆိုရန် မဖြစ်နိုင်သော်လည်း စခန်းသွင်း လေ့ကျင့် (Camp) ဟုသာ သတ်မှတ်ကာ နေထိုင်စေသော စနစ်ကို ကျင့်သုံးနေပါသည်။ အဆိုပါ ကိစ္စသည်လည်း မည်မျှအထိ အောင်မြင်သည်ကို လေ့လာဆန်းစစ်သင့်သော အချက်ဖြစ်သည်။ စခန်းသွင်း လေ့ကျင့်ခြင်းဖြင့် မည်သည့် အကျိုးကျေးဇူးရရှိသနည်း။ မည်သည့်အချက်တို့ အားနည်း သွားသနည်းဆိုသည်တို့ကို စနစ်တကျ လေ့လာသုံးသပ်ခြင်းမျိုး ပြုလုပ်ထားခြင်း ရှိမရှိ ဆန်းစစ်ရမည် ဖြစ်သည်။ ပါရဂူဘွဲ့ သင်တန်းများပင် Campus Life ကို ပြည့်ဝစွာ မပေးနိုင်သေးသည်ကို တွေ့ရသည်။
၃-၂-၄။ ပါရဂူဘွဲ့ အရည်အသွေး စစ်ဆေးခြင်း
            ပါရဂူဘွဲ့သင်တန်းသားများ Prelim ခေါ် Coursework ကာသ သင်ကြားရေးမှသည် ဘွဲ့ယူကျမ်းကို စစ်ဆေးသည်အထိ သည်လည်း ပြည်ပ ပညာရှင်များ ပါဝင်ခြင်း မရှိဘဲ ပြည်တွင်းမှ ပုဂ္ဂိုလ်များကပင် သင်ကြားခြင်း၊ ကျမ်းကြီးကြပ်ခြင်း၊ ကျမ်းစစ်ဆေးခြင်း တို့ကို ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ပြည်ပ ပညာရှင်များ ပါဝင် စစ်ဆေးစေပါက ပိုမို ကောင်းမွန်စေမည် ဖြစ်သည့်အပြင် မလိုလား အပ်သော ဆရာတပည့် အားနာ ငဲ့ညှာမှုများ နည်းပါး သွားမည်ဖြစ်သည်။ ထို့ပြင် ကျမ်းပြုစုသူများအနေဖြင့် နိုင်ငံတကာ စာတမ်း တင်ခိုင်းခြင်း ရှိသော်လည်း ပြည်တွင်းတွင် ကျင်းပသော နိုင်ငံတကာ စာတမ်းဖတ်ပွဲကိုလည်း စာတမ်းတစ်ခုအဖြစ် လက်ခံကာ အရေအတွက်ကို လက်ခံနေသည်ကို သိရှိရသည်။ ဖြစ်သင့်သည်မှာ နိုင်ငံတကာစာတမ်းကို ပေမီ တန်းမီဂျာနယ် တွင် Paper အဖြစ် ရရှိမှသာ စာတမ်းကို လက်ခံခြင်းမျိုး ဖြစ်သင့်ပေသည်။ ယခု လောလောဆယ်အခြေအနေမှာ စာတမ်းကို မည်သည့် အဆင့်အတန်း Conference မျိုးကိုမဆို လက်ခံနေခြင်းဖြစ်သည်။
၃-၃။ အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) ဖွင့်လှစ်ခြင်းကိစ္စ
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ်တို့ကို အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) များအဖြစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ သက်ဆိုင်ရာ ကွန်ပျူတာ ပညာရပ်များကို
(က) B.C.Sc. (Software Engineering)
(ခ) B.C.Sc. (Knowledge Engineering)
(ဂ) B.C.Sc. (Business Information System)
(ဃ) B.C.Sc. (High Performance Computing)
(င) B.C.Tech. (Computer Communication and Network)
(စ) B.C.Tech. (Embedded System)
(ဆ) B.C.Tech. (Computer System)
အဖြစ် ဘွဲ့များ ပေးအပ်သွားတော့မည်ဖြစ်ရာ ဘာသာရပ် Specialist များ ပိုမိုထွက်ပေါ်လာစေရန် ရည်ရွယ်ရင်း ဖြစ်သဖြင့် ကြိုဆိုရမည့် ဆောင်ရွက်ချက်ဖြစ်ပေသည်။ သို့ရာတွင် အဆိုပါ တက္ကသိုလ်များတွင်လည်း အားနည်းချက်၊ မပြည့်စုံခြင်းများစွာ ဖြစ်ပေါ်နေသည်ကို သိရှိရပေသည်။ ဥပမာ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(အဆင့်မြင့်) အဖြစ် ရည်ရွယ်ဖွင့်လှစ်သော ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) တွင် ယခု စာတမ်းရေးသားနေချိန်အထိ ကျောင်းသားများအတွက် အင်တာနက် ဆက်သွယ်မှု မရရှိသေးခြင်းသည် အလွန်ကြီးမားသော ပြဿနာပင် မဟုတ်ပါလော။ သတင်းအချက်အလက် နည်းပညာကို ရှေ့ဆောင်သင်ပြပေးမည့် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်ပင်လျှင် ကျောင်းသားများအတွက် အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက် ပေးနိုင်ခြင်းမရှိသည်မှာ အဘယ်ကြောင့်နည်း။ သုံးသပ် ဆင်ခြင်အပ်ပေသည်။ (အဆင့်မြင့် တက္ကသိုလ် (Centre of Excellence) ဘာလဲ၊ ဘယ်လဲ အပိုင်း (၃) တွင် ရေးခဲ့သော “အပြောလှရုံ၊ အလုပ်ပြရုံ သက်သက်ဖြင့်တော့ အဆင့်မြင့်တက္ကသိုလ် (Center of Excellence) ဟု လေသံ မဟစ်ကြပါနှင့်ဟုသာ ဆိုလိုက် ချင်ပါသည်။” ဆိုသောစကားကြောင့်လား အခြား အကြောင်းကြောင့်လားတော့ မသိ ယခု အဆင့်မြင့် တက္ကသိုလ်ဟု မသုံးဘဲ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် (ဗဟန်းနယ်မြေ) ဟု သုံးနှုန်းနေသည်ကို တွေ့ရသည်။)
၃-၄။ သင်ရိုးညွှန်းတမ်းနှင့် သင်တန်းကာလ ကိစ္စ
            သင်ရိုးညွှန်းတမ်းများကို ဆန်းစစ်ရန်မှာ သက်ဆိုက်ရာ တက္ကသိုလ်၏ Web Site တွင် ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသဖြင့် အကဲဖြတ်ရန် ခက်ခဲပေသည်။ သို့ရာတွင် သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ နိုင်ငံတကာ နည်းတူ ဖြစ်စေရန် ဆောင်ရွက်သင့်ပါသည်။ ဖွံ့ဖြိုးသော နိုင်ငံကြီးများတွင်မူ ကျောင်းများ အထူးသဖြင့် တက္ကသိုလ် များသို့ ပြင်ပမှ ကုမ္ပဏီပိုင်ရှင်ကြီးများ၊ လုပ်ငန်းရှင် ကြီးများကို ဖိတ်ကာ မိမိတို့သင်ကြားနေသော သင်ရိုး ညွှန်းတမ်းများကို ပြလျှက် ထိုသင်ရိုးညွှန်းတမ်းများသည် တကယ် ဈေးကွက်ဝင်မ၀င်၊ လက်တွေ့တွင် တကယ် အသုံးချလို့ရမရ။ လက်တွေ့နှင့်ကိုက်ညီအောင် သင်ရိုးညွှန်းတမ်းများကို မည်ကဲ့သို့ ပြင်ဆင်သင့်သည် စသည်များ ကို အကြံဉာဏ် များတောင်းခံပါသည်။ ထို့ပြင် ကုမ္ပဏီကြီးများကလည်း တက္ကသိုလ်ကျောင်းသားများကို မိမိတို့ကုမ္ပဏီက မည်ကဲ့သို့သော ပညာရှင်များကို အလိုရှိသည်၊ မည်ကဲ့သို့သော ပညာများတတ်လျှင် မိမိတို့ကုမ္ပဏီတွင် လခမည်မျှရနိုင်သည် စသည်များကို ဟောပြောပွဲ များ ပြုလုပ်ပေးသည်။ သို့အတွက် ကျောင်းသားများအနေနှင့် မိမိတို့ကြိုက်နှစ်သက်ရာ၊ ၀ါသနာပါရာ သင်တန်းများကို ရွေးချယ် တက်ရောက်နိုင်သည်။ ဤ ဆောင်ရွက်မှုမျိုးဖြင့် သင်ရိုးညွှန်းတမ်းများကို ဆောင်ရွက်သင့်ပေသည်။ သင်ရိုးညွှန်းတမ်းတစ်ခုကို မည်ကဲ့သို့ သော စံနှုန်းများဖြင့် ရွေးချယ်ခဲ့ကြသည် ဆိုသည်ကလည်း တက္ကသိုလ်တစ်ခု၏ အဆင့်အတန်းပင်ဖြစ်သည်။အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)၏ ညွှန်ချုပ်ဦးဇော်ဌေးက “တက္ကသိုလ်တွေဟာ မိမိသင်ပေးချင်တဲ့ပညာတွေ သင်ပေး နေတာမျိုးမဟုတ်ဘဲ ပြင်ပနယ်ပယ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ပညာရေးမျိုးဖြစ်ဖို့ လိုအပ်ပါတယ်” ဟုလည်း နိုင်ငံပိုင် သတင်းစာကို ပြောကြားခဲ့သည်။
            သင်တန်းကာလကို မူလ သုံးနှစ်မှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ ငါးနှစ် သို့ ပြောင်းလဲမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတကာ ကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်းများ၏ စံချိန် စံညွှန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက သင်တန်းကာလမှာ လိုအပ်သည်ထက် ပိုမို ကြာမြင့်နေသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ရာ အဆိုပါ အချက်သည်လည်း ပြန်လည်ဆန်းစစ်ရမည့် အချက်တစ်ချက်ဖြစ်သည်။ ပညာရေး ကိစ္စကို စဉ်းစားရာတွင် မိမိအကြိုက် မိမိဆန္ဒအတိုင်း ဆောင်ရွက်၍ မဖြစ်သည်ကို သတိချပ်ရပေမည်။ နိုင်ငံတကာ စံနှုန်းများကို လိုက်နာပါမှသာ နိုင်ငံတကာအဆင့်မီ ပညာရှင်များ ပေါ်ထွက်လာမည်ဖြစ်သည်။ သတိပြုသင့်သော အချက်တစ်ချက်မှာ တက္ကသိုလ်ဟု နံမည်တပ်သော်လည်း တက္ကသိုလ်၏ အငွေ့အသက်ကို ဖန်တီးပေးရန် လိုအပ်နေသေးခြင်းဖြစ်သည်။ Campus Life ကို ဖန်တီးပေးရန် လိုအပ်နေသေးသည်။ တက္ကသိုလ်၏ လှုပ်ရှားမှုများ သက်ဝင်မှု မရှိဘဲ နံနက် ၈ နာရီ ကျောင်းတက်ကာ ညနေ ၃း၃၀ ကျောင်းပြန်နေရခြင်း သည်လည်း တက္ကသိုလ်ကို တက္ကသိုလ်နှင့် မတူစေဘဲ ကျောင်းသားများ စိတ်ထဲတွင် အထက်တန်းကျောင်း တစ်ကျောင်းကို တက်နေရ သကဲ့သို့ ဖြစ်နေပေမည်။
၃-၅။ နိုင်ငံခြားသားများ သင်ကြားရေးတာဝန်ပေးရန်ကိစ္စ
            ကွန်ပျူတာတက္ကသိုလ်များကို အရည်အသွေးမြှင့်တင်ရန် နောက်ထပ် လိုအပ်ချက်တစ်ခုမှာ နိုင်ငံခြားသား ပါမောက္ခများ လာရောက် သင်ကြားပို့ချနိုင်ရေးဖြစ်သည်။ သို့ရာတွင် လတ်တလော ပြဿနာမှာ ကွန်ပျူတာ တက္ကသိုလ် အားလုံးအနေဖြင့် နိုင်ငံခြားသား ပါမောက္ခများကို နေထိုင်စရာပေးရန် အဆင့်မီ ဧည့်ရိပ်သာ မရှိခြင်းနှင့် ရုံးခန်း မရှိခြင်းပင်ဖြစ်သည်။ ဘွဲ့ကြိုတန်းမှသည် ပါရဂူတန်းအထိမှာ နိုင်ငံခြားသား ပါမောက္ခများ လာရောက် သင်ကြားပို့ချနိုင်မှု မရှိသေးခြင်းသည်လည်း အားနည်းချက်တစ်ခုဖြစ်သည်။
၃-၆။ သင်ကြားရေးဝန်ထမ်းနှင့် လုံခြုံရေးတာဝန်
            ယခုအခါ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအားလုံးတွင် သင်ကြားရေး ၀န်ထမ်းဖြစ်သော ဆရာ၊ဆရာမများကို လုံခြုံရေးဝန်ထမ်းများဆောင်ရွက်ရမည့် ဂိတ်လုံခြုံရေးတာဝန်၊ ကျောင်းတွင်း လှည့်လည်လုံခြုံရေး တာဝန်များ ပြန်လည်ပေးအပ်စေခိုင်းရန် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ ညွှန်ကြားချက်အရ တာဝန ပေးအပ်နေကြောင်း သိရသည်။ သင်ကြားရေးကိုသာ ကျွမ်းကျင်သော ဆရာ၊ဆရာမများကို လုံခြုံရေးတာဝန်ပေးအပ်စေခြင်းမှာ မိမိကျွမ်းကျင်ရာကို လုပ်ကိုင်ခြင်း မဟုတ်သဖြင့် ထိရောက်မှုရှိမည် မဟုတ်ဘဲ မလိုလားအပ်သော ဆိုးကျိုးများသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။ Misused of energy ပင်ဖြစ်သည်ကို သတိမူသင့်သည်။ ယခုလို ပညာရှင်ဝန်ကြီး လက်ထက်တွင် ထိုတာဝန်များ စေခိုင်းခြင်းမှာလည်း လုံးဝ မဖြစ်သင့်သော အခြေအနေ ဖြစ်သည်။
၃-၇။ ကျောင်းသားလက်ခံသည့်စနစ်
            လက်ရှိ ကွန်ပျူတာတက္ကသိုလ်များ၏ ကျောင်းသား လက်ခံသည့်စနစ်သည် အခြေခံပညာဖြစ်သော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများထဲမှ ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့် လျှောက်ထားသည့် ကျောင်းသားများကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ ရွေးချယ်ပေးသည့်အတိုင်း လက်ခံ သင်ကြားခြင်းဖြစ်သည်။ ၀င်ခွင့်ကိုလည်း တက္ကသိုလ်ဝင်တန်းရမှတ်ကို အခြေခံကာ စဉ်းစား ဆုံးဖြတ်ခြင်းဖြစ်သည်။ ယခုစနစ်ဖြင့် ပညာသင်နှစ်တစ်နှစ်လျှင် ကျောင်းသားတစ်ကြိမ်သာ လက်ခံနိုင်ပေသည်။ နိုင်ငံတကာ တက္ကသိုလ်များ ကဲ့သို့ ပညာသင်နှစ် တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်နိုင်ရန် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သကဲ့သို့ ကျောင်းသားများ ၀င်ခွင့်စိစစ်ခြင်း ကိုလည်း ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။

၎။ Re-engineering ပြုလုပ်ရန်
            ဤသို့ဆိုပါလျှင် ကွန်ပျူတာတက္ကသိုလ်များ၏ အရည်အသွေး မြှင့်တင်ရေးအတွက် မည်ကဲ့သို့သော ဆောင်ရွက်မှုမျိုးပြုလုပ်ရန် လိုအပ်ပါသနည်း။ {လုပ်ငန်းလုပ်ဆောင်မှု ဖြစ်စဉ်စနစ်တစ်ခုလုံးကို ပြောင်းလဲပစ်ခြင်း (Reengineering) ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ Reengineering ဟု ပြောဆိုရသည်မှာ လုပ်ငန်းအဖွဲ့အစည်းရှိ လုပ်ဆောင်မှုဖြစ်စဉ် (Process) များကို ပြောင်းပစ်ခြင်းနှင့် သက်ဆိုင် ပါသည်။ လက်ရှိလုပ်ဆောင်နေသည့် ဖြစ်စဉ်စနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်းမျိုးထက် စနစ်ဟောင်းကို လုံးဝဥဿုံ ဖယ်ရှားပစ်ကာ စနစ်သစ် ပုံစံသစ်ဖြင့် လုပ်ငန်းလုပ်ဆောင်မှုဖြစ်စဉ် (Process) ကို ပြောင်းလဲ ပစ်ရမည်ဖြစ်သည်။ Reengineering ဆိုသည်မှာ လုပ်ငန်း လုပ်ဆောင်မှုစွမ်းရည် တိုးတက်မှုကို ကုန်ကျစရိတ်၊ အရည်အသွေး၊ ၀န်ဆောင်မှု၊ မြန်ဆန်မှု စသည်တို့ဖြင့် တိတိကျကျ ခိုင်ခိုင်မာမာ ဖော်ပြတိုင်းတာနိုင်ကာ တစ်ချက်တည်း တိုးတက်ပြောင်းလဲပစ်ရန်အတွက် လက်ရှိ ကျင့်သုံးနေသော လုပ်ငန်း လုပ်ဆောင်မှု ဖြစ်စဉ်စနစ်ကို အခြေခံ ကျကျ သေသေချာချာ ပြန်လည်သုံးသပ်ပြီး မူလစနစ်နှင့်မတူဘဲ အဆုံးစွန် ပြောင်းလဲသွားမည့် ပုံစံစနစ်တစ်ခု ပုံစံချတည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။
ဤနေရာတွင် လုပ်ငန်းလုပ်ဆောင်မှု ဖြစ်စဉ်စနစ်(Process)ကို အခြေခံကျကျ ပြန်လည်သုံးသပ်ခြင်းလုပ်ရန် လိုအပ်ပါသည်။ လက်ရှိ ပုံသဏ္ဌာန် ဖြစ်စဉ်အတိုင်း လုပ်ငန်းလည်ပတ် ဆောင်ရွက်နေရခြင်းသည် အဘယ်ကြောင့် ဖြစ်နေရသည်ကို ဦးစွာ စဉ်းစား သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။ ထို့နောက် မူလ လုပ်ငန်းလုပ်ဆောင်မှု ဖြစ်စဉ်စနစ် (Process) ကို အဆုံးစွန်၊ သို့မဟုတ် အကြီးအကျယ် ပြောင်းလဲပစ်ရန် ဆောင်ရွက်ရပေမည်။ လက်ရှိ လုပ်ဆောင်နေသော ဖြစ်စဉ်စနစ်ကို အပေါ်ယံ သာမန် (သို့မဟုတ်) အနည်းငယ် ပြုပြင်ခြင်း၊ ပုံစံပြောင်းခြင်းမျိုး မဟုတ်ဘဲ ဖြစ်စဉ်လုပ်ငန်းစဉ်များ၏ အောက်ခြေအရင်းအမြစ်အထိ ပြောင်းလဲပစ်ရန် စနစ်သစ်ပုံစံကို တီထွင် တည်ဆောက် ရပေမည်။
ဤသို့သော ပြောင်းလဲမှုမျိုးပြုလုပ်ရာတွင် မစို့မပို့ သို့မဟုတ် ဟိုမရောက် သည်မရောက် ပြောင်းလဲမှုမျိုး လောက်ဖြင့်တော့ ထူးခြားမှု ရှိမည် မဟုတ်သည်ကို အထူး သတိပြုရမည်ဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင်မှုမျိုး ရရှိစေရန် ၀န်ထမ်းအားလုံးတို့သည် Reengineering ကို ယုံကြည်မှုရှိရပေမည်။ Team Work ရှိရပါမည်။ တီထွင်မှု၊ ကြံဆမှုများ ရှိရပေမည်။}၃
ထိုကဲ့သို့သော ပြောင်းလဲမှုပြုလုပ်ရာတွင် အရေအတွက်မှသည် အရည်အချင်းဆီသို့ (Quantity to Quality) ဆောင်ရွက်နိုင်ခြင်း မရှိဘဲ အရေအတွက်မှသည် ပိုများသော အရေအတွက်ဆီသို့ (Quantity to more Quantiy) မဖြစ်စေရန်ကိုလည်း အထူး သတိပြုဆောင်ရွက်ရပေမည်။
            စကားလက်ဆောင် ပါးလိုသည်မှာ “တစ်ချိန်လုံး အလုပ်လုပ်နေသူသည် အလုပ်ကြိုးစားနေသူမဟုတ်၊ ငြီးငွေ့ဖွယ်ကောင်းသူ သို့မဟုတ် ဖိုးလုပ်ချင်၊ နာမည်ကြီးချင်သူသာ ဖြစ်ပေမည်။ နေ့ရောညပါ မနားမနေ အလုပ် လုပ်နေပါသည်ဟု ကြော်ငြာ မောင်းခတ်သူ သည် အလုပ်ကို နားမလည်သူ၊ စေတနာ မပါသူ ရမ်းတုတ်သာဖြစ်၏။” ဆိုသော အချက်ကိုလည်း သတိရပါဟူသာ ပြောချင်ပါသည်။
၅။ နိဂုံး
            စာရေးသူအနေဖြင့် အထက်ဖော်ပြပါ အချက်များ၏ ကောင်းကျိုး ဆိုးပြစ်များကို လေ့လာဆန်းစစ်ကာ လိုအပ်သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အချိန်မီ ဆောင်ရွက်စေလိုပါသည်။ မိမိပုဂ္ဂလိက အမြင်အရ ပြောရမည်ဆိုလျှင် ကွန်ပျူတာတက္ကသိုလ် အနေဖြင့် ဆောင်ရွက်သင့်သော ဆောင်ရွက်ချက်များမှာ နိုင်ငံတော်အတွင်း ခေတ်နှင့်အညီ ကွန်ပျူတာပညာ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အတွက် အမှန်တကယ် အရည်အချင်းပြည့်ဝသော ကွန်ပျူတာပညာရှင်များကို မွေးထုတ်ပေးခြင်း၊ ကွန်ပျူတာပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သုတေသနလုပ်ငန်း လုပ်ကိုင်သူများအား ပံ့ပိုးကူညီခြင်း၊  လုပ်ငန်း နယ်ပယ် အသီးသီးတွင် ကွန်ပျူတာပညာအသုံးချမှု ကျယ်ကျယ်ပြန့်ပြန့် တိုးတက် လာစေရန် ဆောင်ရွက်ခြင်း၊ ကွန်ပျူတာပညာ ဆိုင်ရာ ပြည်တွင်းပြည်ပဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းနှင့် အဆိုပါ ပွဲများသို့ ကိုယ်စားလှယ် စေလွှတ် တက်ရောက်စေခြင်း၊ လူငယ်လူရွယ်များ အခြေခံကွန်ပျူတာပညာ လေ့လာဆည်းပူးနိုင်ခွင့် ရရှနိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း စသည့် ကိစ္စရပ်များကို ဆောင်ရွက်သင့်ပါသည်။ ဤဆောင်ရွက်ချက်များကို မည်မျှအထိ ဆောင်ရွက် ပေးနိုင်သည်ဆိုသည့်အချက်သည် ကွန်ပျူတာတက္ကသိုလ် အမှန်တကယ် အောင်မြင်နေပြီလားဆိုသည်ကို တိုင်းတာမည့် ပေတံပင်ဖြစ်ပါကြောင်း။
စပယ်မ           
ကိုးကား
(၁) မြန်မာနိုင်ငံ ကွန်ပျူတာပညာရေးသမိုင်း၊ မောင်လေ့လာ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း
(၂) ပညာသင်ကြားရခြင်း၏ အဓိကရည်ရွယ်ချက်၊ အေးငြိမ်း၊ မောက္ခအွန်လိုင်း ပညာရေးမဂ္ဂဇင်း
(၃) လုပ်ငန်းလုပ်ဆောင်မှုဖြစ်စဉ် စနစ်ပြောင်းလဲပစ်ခြင်း၊ ဒေါက်တာခင်စန်းရီ၊ ဓနစီးပွားရေးမဂ္ဂဇင်း

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...